ပြိုင်ပွဲမှတ်တမ်း (၂၃-၁၀) ရရှိထားသော ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်အတွက် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများမှာ ပို၍ခက်ခဲလာသည်။ အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဇွန်လက ကျင်းပပြုလုပ်ခဲ့သော ONE: SPIRIT OF A WARRIOR ပြိုင်ပွဲကြီးတွင် နောက်ဆုံးယှဉ်ပြိုင်ခဲ့ကာ၊ ONE Championship သမိုင်းတွင် အထူးခြားဆုံးတွဲဆိုင်းများထဲမှ တစ်ခုဖြစ်သည့်ထိုပွဲကြီးတွင် ဂျပန်နိုင်ငံသား Ken Hasegawa ကို အလဲထိုးအနိုင်ယူခဲ့သည်။

 

အဆိုပါပွဲတွင် အောင်လအန်ဆန်သည် Hasegawa အပေါ် လေးချီတိုင်တိုင် ထိုးနှက်ချက်များ ပစ်သွင်းနေနိုင်ခဲ့ကာ၊ ငါးချီမြောက်တွင် အလဲထိုးကွက်ဖြင့် အနိုင်ယူနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်သည် ONE ၏ ထိပ်တန်းပွဲစဉ် ၁၀၀ စာရင်းတွင် ပထမနေရာအထိ ချက်ချင်းပင် ရောက်ရှိခဲ့သည်။ ထိုကဲ့သို့ အဆင့်သတ်မှတ်ချက်ကောင်းမွန်ရခြင်းအတွက် ထိုပွဲကြီးကို မျက်မြင်ကြည့်ရှုခွင့်ရသူတိုင်းက သဘောတူညီကြမည်ဖြစ်သည်။

 

အောင်လအန်ဆန်သည် ထိုကဲ့သို့ ချန်ပီယံခါးပတ်အတွက် စိန်ခေါ်သူကို အလဲထိုးနိုင်ပြီးနောက် သူ၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ယှဉ်ပြိုင်ရယူရန် စိန်ခေါ်နိုင်မည့်အခွင့်အရေးကို ရှာဖွေနေသော သူပေါ်ပေါက်လာရန် အချိန်မှာ ကြာမြင့်လေ့မရှိပေ။

 

လာမည့်သောကြာ၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ကျင်းပပြုလုပ်သွားမည့် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် အောင်လအန်ဆန်သည် ပြိုင်ပွဲမှတ်တမ်း (၉-၀) ဖြင့် ရှုံးပွဲမရှိစံချိန်တင်ထားသော Mohammad “O Lutador” Karaki ကို ရင်ဆိုင်ယှဉ်ပြိုင်ကာ သူ၏ချန်ပီယံခါးပတ်ကိုကာကွယ်သွားရန် ကြိုးဝိုင်းထဲသို့ ရောက်ရှိလာမည်ဖြစ်သည်။ ထိုတွဲဆိုင်းကို ငါးချီယှဉ်ပြိုင်သွားမည်ဖြစ်သော်လည်း ပြိုင်ပွဲဝင်အားကစားသမားနှစ်ဦးလုံး အနေဖြင့် ငါးချီအထိထိုးသတ်သွားရန် မျှော်လင့်မထားပေ။

 

ပြိုင်ပွဲယှဉ်ပြိုင်သွားမည့်အခြေအနေနှင့်ပတ်သတ်၍ အောင်လအန်ဆန်က “ပြိုင်ပွဲက သိပ်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ပွဲက အကြိတ်အနယ်ယှဉ်ပြိုင်သွားရမှာပါ။ ပွဲသိမ်းကွက်နဲ့ပဲ အနိုင်ယူသွားမှာပါ။”

 

အောင်လအန်ဆန်နှင့် သူ၏ အဖွဲ့သားများအနေဖြင့် Karaki ၏ အစွမ်းအစကိုလည်း သိရှိထားရမည်ဖြစ်သည်။ အသက်

၂၇ နှစ် ရှိပြီဖြစ်သည့် Karaki သည် Desert Force မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဝိတ်တန်းခါးပတ်များကို ရယူပိုင်ဆိုင်ထားနိုင်သည့် ပြိုင်ပွဲမှတ်တမ်းကောင်းများရရှိထားသလို Phoenix မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်အတွက်လည်း ယှဉ်ပြိုင်ထိုးသတ်သွားရန်ရှိနေသည်။

 

လက်ဘနွန်နိုင်ငံသားဖြစ်သူ Mohammad “O Lutador” Karaki သည် သူ၏ ကစားသမားသက်တမ်းတစ်လျှောက် ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲ ၉ ပွဲတွင် ၃ ပွဲကို အလဲထိုးကွက် သို့မဟုတ် ဒိုင်ပွဲရပ်ပုံစံများဖြင့် အနိုင်ယူထားကာ ပွဲ ၅ ပွဲကို ချုပ်ကွက်သုံးအနိုင်ရယူထားခြင်းဖြစ်သောကြောင့် အလွန်သတိထားရမည့် ကစားသမားပင်ဖြစ်သည်။ Karaki သည် ၎င်းယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲများအနက် ပြိုင်ပွဲတစ်ခုမှလွှဲ၍ ကျန်ပွဲများအားလုံးကို ပထမအချီတွင်ပင် အနိုင်ယူထားခဲ့ခြင်း ဖြစ်သည်။ Karaki ၏ နောက်ဆုံးပွဲစဉ်အနိုင်ရထားမှုအပြင်၊ သောကြာနေ့ညပြိုင်ပွဲအတွက် အပြင်းအထန် လေ့ကျင့်ထားမှုများရှိထားသောကြောင့် သူ့အနေဖြင့် မြန်မာနိုင်ငံတွင် ယခုယှဉ်ပြိုင်မည့်ပွဲကို အနိုင်ရယူပြီး ချန်ပီယံခါးပတ် သိမ်းပိုက်နိုင်မည်ဟု အပြည့်အဝယုံကြည်လျက်ရှိသည်။

 

 

ယခုယှဉ်ပြိုင်သွားမည့်ပွဲနှင့်စပ်လျဉ်း၍ Karaki က “ကျွန်တော့် ကစားသမားမှတ်တမ်းရဲ့ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်း သွားမှာပါ။ ဒီပွဲမှာ အနိုင်ရယူသွားနိုင်ဖို့အတွက် ကျွန်တော် ကြိုးစားနေခဲ့တာဖြစ်ပြီး၊ အာရုံအပြည့်အဝ စိုက်ထားနိုင် ပါတယ်။” ဟု ဆိုသည်။

 

“ဒီပြိုင်ပွဲအတွက် ကျွန်တော်အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားတွေနဲ့ အတူတူလေ့ကျင့်ထားတာကြောင့် ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။”

 

Karaki သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Coconut Creek ရှိ American Top Team တွင် ပြင်ဆင်လေ့ကျင့်နေခဲ့ခြင်းဖြစ်သည်။ American Top Team ဆိုသည်မှာ ကမ္ဘာ့အကျော်ကြားဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားရုံများထဲမှ တစ်ခုဖြစ်ကာ ဝိတ်တန်းအမျိုးစုံတွင် ကမ္ဘာ့ချန်ပီယံများမွေးထုတ်ပေးနိုင်မှုကြောင့် နာမည်ကြီးသည်။ သောကြာနေ့ပြိုင်ပွဲကြီးနီးကပ်လာသည်နှင့်အမျှ Karaki သည် သူ၏ အမည်ကို ထိုအားကစားရုံကြီး၏ အောင်မြင်မှုသမိုင်းကြောင်းတွင် မှတ်တမ်းတင်နိုင်ရန် မျှော်လင့်ထားသည်။

 

တိုက်ဆိုင်စွာပင် အောင်လအန်ဆန်သည် ဖလော်ရီဒါ၏ အခြားနာမည်ကြီး အားကစားရုံတစ်ခုဖြစ်သော Karaki လေ့ကျင့်သောနေရာနှင့်နီးကပ်သည့် Hard Knocks 365 တွင် လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။

ကစားသမားနှစ်ဦးလုံးသည် အကောင်းဆုံးပုံစံဖြင့် ရင်ဆိုင်ယှဉ်ပြိုင်သွားရန် မျှော်လင့်ထားသောကြောင့် ဤပွဲကြီးကို မျှော်လင့်စောင့်စားနေသူများအနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။

ပြိုင်ပွဲကြီး၏ရလဒ်သည် မည်သို့ဖြစ်မည်ကို မသိနိုင်သေးသော်လည်း သေချာသည်မှာ ကြိုးဝိုင်းထဲဝင်ရောက်ပြီးသည် ဆိုသည်နှင့် နောက်ဆုတ်ရန်လမ်းရှိမည်မဟုတ်ဘဲ၊ ပရိသတ်များအတွက် မမေ့နိုင်ဖွယ်ရာ ပြိုင်ပွဲကောင်းတစ်ခုဖြစ် လာမည်မှာ အမှန်ပင်ဖြစ်သည်။

Please follow and like us:
0

Leave a Reply

Your email address will not be published. Required fields are marked *